ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ် သီတာရင်တွေတုန်လွန်းလို့်ပါ

ဆရာတော် ဦးနန္ဒိမာ မြစ်ကြီးနားကနေ မုံရွာမန္တလေးဘက် ခရီးသွားစရာ ရှိ၍ ကားလက်မှတ် ဖြတ်ထားခဲ့သည်။ ဘုန်းကံအရှိန်အဝါပဲ နည်းလို့လား၊ တိုက်ဆိုင်မှုကြောင့်လား မပြောတတ်။ ဆရာတော် ခရီးသွားတိုင်း ရှေ့ဆုံးခုံတန်း မရတတ်။ တစ်ဆယ်နောက်က ထိုင်ခုံနံပါတ်သာ ရလေ့ရှိသည်။ ဒါကို ဆရာတော် မကျေနပ်ချင်။ သံဃာခုံလို့ သတ်မှတ်ထားတဲ့ ရှေ့ဆုံးတန်းမှာ အမျိုးသမီး ငယ်ငယ်ချောချောလေးတွေ ထိုင်နေပြီး မိမိက တစ်ဆယ်နောက်မှာ ထိုင်ရလေ့ရှိတာကိုလည်း သတိထားမိသည်သာ။

လမ်းကစောင့်စီးမည်ဟု ကြိုတင်မှာကြားထားသဖြင့် ကားလာချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ မိနစ်နှစ်ဆယ်ခန့်စောင့်လိုက်ရပြီး ဆရာတော်စီးမည့်ကား ဆိုက်လာသည်။ အထုတ်အပိုးနှင့် စောင့်နေသည်က ဦးနန္ဒိမာ တစ်ပါးသာ။ ကားစပယ်ယာက ဆရာတော်ကို ကျော်ပြီး ခရီးသည်နာမည် အော်ခေါ်လိုက်သည်က….



မုံရွာလိုက်မယ့် လမ်းကြိုခရီးသည် ခုံနံပါတ်တစ် မသီတာ ရှိလားခင်ဗျား…

မသီတာကား ထွက်မလာ။ ဦးနန္ဒိမာသာ အထုတ်ဆွဲပြီး ကားပေါ်တက်လာသည်။

ဆရာတော် ဘယ်ကြွမှာလဲဘုရား… တပည့်တော်တို့ကား မှာ ခုံပိုမရှိတော့ဘူး။ လမ်းကြိုခရီးသည် တင်ရမှာမို့ဘုရား…

လမ်းကြိုခရီးသည် ခုံနံပါတ်တစ် မသီတာဆိုတာ ငါပဲကွ။

ဟာ… ဆရာတော်က ဘာလို့ မိန်းကလေး နာမည်နဲ့ ဖြတ်ထားတာလဲဘုရား….

မင်းတို့ကားတွေက ဆရာတော်နာမည်နဲ့ လက်မှတ်ဖြတ်ရင် ခုံနံပါတ်တစ် မရလို့…ဒကာမနာမည်နဲ့ ဖြတ်ထားတာဟေ့… ဒီတစ်ခါတော့ ခုံနံပါတ်တစ်ကနေ စီးရပြီဟ… မာတုဂါမများ အရှိန်အဝါ ကြီးပါ့ကွာ… နာမည်လေးပြောတာနဲ့ နံပါတ်တစ် ရသဟ။

ဆရာတော့်စကားကြောင့် စပယ်ယာ ဒရိုင်ဘာများ မျက်နှာ သုန်မှုံသွားကြသည်… ဆရာတော်က ဆက်နှိပ်ကွပ်နေသေးသည်…

ကဲ…. သီတာနေရာယူလို့ ပြီးပါပြီ… မောင်းတော့ဗျား….

ခရီးသည်တွေရှေ့ အနှိပ်ကွပ်ခံလိုက်ရသည်မို့ စိတ်ဆိုးသွားရော့ထင့်… ဒရိုင်ဘာက ဆောင့်ကြီးအောင့်ကြီးဖြင့် ကားစက်နှိုးကာ ဇွတ်မောင်းထွက်သည်… ခရီးသည်များလည်း အငိုက်မိကာ… ဟပ်ထိုးစိုက်ကုန်ကြသဖြင့် ကားကိုဘယ်လိုမောင်းတာလဲ ဘာညာနဲ့ ကျွက်စီကျွက်စီ ဖြစ်သွားချိန် ဆရာတော်ပြောလိုက်တာက….

ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ်….. သီတာရင်တွေတုန်လွန်းလို့်ပါ…. ဟူသည်တည်း။

Crd……..အရှင်​ နန္ဒိယ…..​တောင်​တွင်းကြီး


Leave a Reply

Your email address will not be published. Required fields are marked *