ဆိုက်ကားနင်းတဲ့ ဒေါ်လှရီရဲ့ အိမ်ရှင်မတစ်ဦး၏ မာန၊ မိခင်တစ်ဦး၏ သတ္တိ

‘‘အိမ်ထောင်ရေးကို အရှုံးပေးလိုက်ရပေမယ့် အလုပ်ကိုတော့ အရှုံးမပေးပါဘူး’’ဟု ပြောလာသူမှာ အသက် (၅၅)နှစ်အရွယ် ဒေါ်လှရီပင်ဖြစ်သည်။ ဒေါ်လှရီ သည် လူသာမန်တို့ မရောက်လို၊ မနေလိုသည့် နေရာတစ်ခုတွင် သားသမီးများ နှင့်အတူ နေထိုင်ရင်း တော်ရုံယောက်ျား တစ်ယောက်ပင် မလုပ်လိုသည့် အလုပ်ဖြင့် နှစ်ပေါင်းသုံးဆယ်နီးပါး အသက်မွေးခဲ့သူဖြစ်သဖြင့် ထိုစကားကို ပြောခြင်းဖြစ်သည်။



လူမစည်ကားအပ်သည့် နေရာများဟု သတ်မှတ်ကြသည့် ဆေးရုံ၊ တရားရုံး၊ သင်္ချိုင်းကုန်း စသည့်နေရာများနှင့် တွဲစပ်၍ လုပ်ကိုင်စားသောက်နေရသည့် အောက်ခြေ အလုပ်သမားများကို လူမှုအသိုင်းအ၀ိုင်းက ယခုအချိန်ထိ အမြင် ကြည်လင်ခြင်း မရှိသေးပေ။ အထူးသဖြင့် ဆေးရုံများရှိ ရေခဲတိုက် အလုပ် သမားများနှင့် သင်္ချိုင်းကုန်းများရှိ ခေါင်းတလားဖြင့် စီးပွားရေး လုပ်စားကြသူ များသည် သာမန်လူ့အသိုင်းအ၀ိုင်းတွင် ၀င်ဆံ့ရန်ခက်ခဲသည့် အနေအထားတွင် ပင် ရှိသေးသည်။

ထိုသူများထဲတွင် ဒေါ်လှရီလည်း တစ်ဦးအပါအ၀င်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီ လုပ်စားရသည့် အလုပ်မှာ တခြားခေါင်းတလား အလုပ်ဖြင့် စီးပွားရှာ သူများကဲ့သို့ ခေါင်းတလားရောင်းခြင်းမဟုတ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ လုပ်လေ့မရှိသည့် ဆိုက်ကားနင်းသည့် အလုပ်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီသည် သွားလာလှုပ်ရှားနိုင်သည့် လူများကို လိုရာ ခရီးသို့ လိုက်ပို့ပေးရသည့် ဆိုက်ကားနင်းခြင်း အလုပ်မဟုတ်ဘဲ ခေါင်းတလား များအား ဆိုက်ကားဖြင့် သယ်ပို့ပေးရသည့် အလုပ်ကို လုပ်ကိုင်အသက် မွေးဝမ်း ကျောင်းပြုနေသည်။

ဗဟန်း၊ ရွှေတိဂုံစေတီ မြောက်ဘက်မုခ်အနီးတွင် မွေးဖွားလာခဲ့သည့် ဒေါ်လှရီ သည် အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ ၏ အလုပ်ရှိရာနောက်သို့ လိုက်လာရင်း ယခုရေဝေးသုသာန်အနီး ခေါင်းတလား များရောင်းချသည့် ဆိုင်ခန်းတစ်ခုတွင် ဆိုင်ခန်းရှင်၏ ခွင့်ပြုချက်ဖြင့် နေထိုင် နေသူဖြစ်သည်။ ခင်ပွန်းမှာ ယခင်ကပင် ထိုအလုပ်ကို လုပ်ကိုင်သူဖြစ်သဖြင့် ဒေါ်လှရီလည်း သျှောင်နောက်ဆံထုံးပါ လိုက်လာရင်းပင် ထိုအသိုင်းအ၀ိုင်းထဲ တွင် ကျင်လည်ခဲ့ရခြင်းဖြစ်သည်။

နောက်ပိုင်း ခင်ပွန်းဖြစ်သူက ယမကာရဲ့ကျေးကျွန်ဖြစ်ကာ အလုပ်လုပ်ကိုင်ခြင်း မရှိတော့သည့် အခြေအနေတွင် မိသားစုစားဝတ် နေရေးအတွက် ဒေါ်လှရီ ယခုအလုပ်ကို အရဲစွန့် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျသည့် ဒေါ်လှရီသည် အသက်(၂၈)နှစ်အရွယ်တွင် ယခုအလုပ်ကို စလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လုပ်ခါစအချိန်များက ခေါင်းတလား သယ် သည့် အလုပ်အပြင် စီးနင်းလိုသူများအား လိုရာခရီးသို့ လိုက်ပို့ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ခေါင်းတလားသယ်သည့် အလုပ်သာ အလုပ်များလာခဲ့သည်ဟု ဆိုသည်။

‘‘ယောက်ျားက မူးပဲနေတော့ ယောက်ျားကို မခံချင်တာနဲ့ ဆိုက်ကားဝင်နင်းခဲ့ တာပါ’’ဟု ဒေါ်လှရီက ဆိုက်ကားဖြင့် ခေါင်းတလားစသယ်ဖြစ်ပုံကို ဖွင့်ဟသည်။

ဒေါ်လှရီ အလုပ်လုပ်စက ယခုရေဝေးသုသာန်မပေါ်မီ ယခင်သုသာန် အဟောင်း နေရာတွင် စလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က အခြားအမျိုးသား ဆိုက်ကားနင်းသူ များနှင့် အပြိုင်အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။

‘‘ရေဝေးမတိုင်ခင် ရေဝေးအနောက်ဘက်မှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီက တည်းက လုပ်ခဲ့တာ။ မနက်တိုင်းလည်း မထသ ၃၇ ဂိတ်ကို လေးနာရီအရောက် သွားပြီး ခရီးသည်ကြို ဆိုက်ကားနင်းတယ်။ အမျိုးသားဆိုက်ကား နင်းသူတွေနဲ့ အပြိုင်ပဲ အဲဒီတုန်းက ဆိုက်ကားက ငါးစီးလောက်ပဲ ရှိသေးတယ်’’ဟု ဒေါ်လှရီက သူ၏အလုပ်ဘ၀ အစပိုင်းအချိန်များကို ပြောပြသည်။

ယခုအချိန်ထိလည်း အချို့သော ခေါင်းတလား လုပ်သူအချို့နှင့် အလုပ်သမား များက ဈေးသွားလိုသည့်အခါတွင် ရံဖန်ရံခါ လိုက်ပို့ပေးရသေးသည်ဟု ဆိုသည်။ ဒေါ်လှရီ အလုပ်လုပ်ခါစက ခေါင်းတလားတစ်လုံးအား ခရီးဝေးသို့ လိုက်ပို့ရလျှင် ငါးရာကျပ်သာရရှိခဲ့သော်လည်း ထိုအချိန်များက နေ့စဉ်ဝင်ငွေ တစ်သောင်းခန့် ပျမ်းမျှရသည်ဟု ဆိုသည်။ ယခုနောက်ပိုင်းတွင်တော့ သူမ၀င်ငွေ လျော့ကျလာသည်။ ခေါင်းတလား ဆိုင်တန်းများက ရေဝေးအအေး တိုက်သို့ ခေါင်းတစ်လုံးပို့ရလျှင် နှစ်ရာကျပ်နှင့် အနီးနားဒေသများဖြစ်သည့် ကုန်းတလပေါင်ကဲ့သို့ နေရာများအထိ ပို့ရလျှင် ကျပ်ခြောက်ထောင်အထိ ရရှိ သည်ဟု ဆိုသော်လည်း သူ၏တစ်နေ့ဝင်ငွေမှာ ပျမ်းမျှသုံးထောင်ဝန်းကျင်သာ ရှိတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသဖြင့် လူအများက နာရေးကိစ္စများတွင် ပြင်ပသို့ အားမကိုးတော့ခြင်းကြောင့်ဟု ဆိုသည်။ ‘‘အသက် ၂၈ နှစ်လောက်တုန်းကတော့ တစ်နေ့ကို တစ်သောင်း၊ တစ်သောင်းကျော်ကျော် လောက် ရတာပေါ့။ အခုတော့ အဲဒီလောက်မရတော့ပါဘူး။ အဖွဲ့အစည်းတွေ လည်း ပေါ်လာတာကိုး’’ဟု ဒေါ်လှရီက သူ၏လက်ရှိအလုပ်အကိုင် အခြေအနေ ကို ပြောပြသည်။

ဒေါ်လှရီ နေထိုင်ရာနေရာသည် ရပ်ကွက်နှင့် သိပ်အလှမ်းဝေးလှသည် မဟုတ် သော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်တော့ ခပ်စိမ်းစိမ်းပင်နေသည်ဟု သူကဆိုသည်။ ‘‘အခေါင်းအလုပ်ကို လုပ်နေတော့ သူတို့က စဏ္ဍာလလို့ သတ်မှတ်ထားကြတယ်လေ။ ထိုအခြေအနေဖြစ်နေသော်လည်း ဒေါ်လှရီတွင် စိတ်ပျက်အားငယ်မှုကို မတွေ့ရပါ။ သူ့သားသမီးများနှင့် ဘ၀ကို ရဲရဲတင်းတင်း ပင် ဖြတ်သန်းနေသည်။ ခင်ပွန်းဖြစ်သူ ယမကာကျေးကျွန် ဖြစ်ပြီးနောက် အိမ်ထောင်စုဝင်ငွေကို ဦးဆောင်ရှာဖွေခဲ့သူဖြစ်ပြီး ခင်ပွန်းအား အိမ်တွင်နေစေ ကာ သောက်လိုသမျှ ခွင့်ပြုခဲ့သည့် ဒေါ်လှရီသည် ခင်ပွန်းဆုံးပါးသွားချိန်တွင် လည်း သူ့အတွက် ထူးခြားမှုမရှိခဲ့ဘဲ လုပ်လက်စအလုပ်ကို ဆက်လုပ်ကာ မိသားစုအတွက် အဓိက၀င်ငွေကို ရှာဖွေပေးနေသည်။

သားသမီး ခြောက်ဦး၏မိခင် ဒေါ်လှရီသည် ငယ်စဉ်ကပင် မိခင်၊ ဖခင်များ ဆုံးပါးသွားခဲ့သဖြင့် ပညာရေးကံ အားနည်းခဲ့သူဖြစ်သည်။ သူတို့၏ ဘ၀ ဖြတ်သန်းမှုအရလည်း သားသမီးများအား ပညာရေးအမွေ ကောင်းစွာပေးနိုင် ခြင်းမရှိဘဲ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဖြင့်ပင် သားသမီးများအား ကျောင်းမှနုတ်ပယ်ကာ လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်စေခဲ့သည်။ သူ၏ သားသမီးများသည်လည်း သူ့လိုပင် ရေဝေးသုသာန်ကို အမှီပြုကာ လုပ်ကိုင် စားသောက်နေကြသည်။

သို့သော် ဒေါ်လှရီသည် လက်ရှိတွင် အလုပ်အကိုင်ရှိသည့် သားသမီးများ၏ ထောက်ပံ့မှုကိုမရရှိဘဲ သူ့ဝမ်းသူကျောင်းကာ အတူနေ သမီးနှစ်ယောက်နှင့် ဘ၀ကို ဖြတ်သန်းလျက်ရှိသည်။ အဖွဲ့အစည်းများ ပေါ်ပေါက်လာသဖြင့် ၀င်ငွေ လျော့ကျလာသည့် ဒေါ်လှရီသည် သူ၏ လျော့ကျသွားသည့် ၀င်ငွေကို တစ်ဖက် တစ်လမ်းမှ ပြန်ဖြည့်သည့်အနေဖြင့် ရေဝေးသုသာန်ရှိ အလုပ်သမားများအား ထမင်းချိုင့်ပို့ခြင်းအလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေရသည်ဟု ဆိုသည်။

မြန်မာမုန့်များ လုပ်ရောင်းသည့် မျိုးရိုးမှ ဆင်းသက်လာသည့် ဒေါ်လှရီသည် သူ့တွင် အခြားအလုပ်တစ်ခု ရွေးချယ်ရန် အခွင့်အလမ်းရှိပါက ထမင်းဆိုင်လေး တစ်ဆိုင်ဖွင့်ကာ ရောင်းချလိုသည့် ဆန္ဒရှိသည်ဟုဆိုသည်။

သို့သော် အိမ်ထောင်ရေး ကံမကောင်းခဲ့သူ ဒေါ်လှရီသည် လက်ရှိသူလုပ်ကိုင်ရာ အလုပ်ကိုပင် အသက်ထက်ဆုံး လုပ်ကိုင်သွားရမည်ဟု ယူဆနေသူဖြစ်သည်။ ‘‘အလုပ်ကတော့ အသက်မသေမချင်း လုပ်စားနေရမှာပဲ’’ဟု မျက်နှာတွင် သနပ်ခါး အဖွေးသား လိမ်းထားသော ဒေါ်လှရီကပြောသည်။ သူ၏မျက်လုံးများ ကတော့ မပြီးဆုံးသေးသည့် ဘ၀တိုက်ပွဲကို တွေးတောရင်း မျှော်ငေးလျက်။

Credit : 7Day Daily