ပြိုင်ပွဲ မတိုင်မီရက်များတွင် ထိတ်လန့်ဖွယ် အဖြစ်များနှင့် ကြုံတွေ့ ရသဖြင့် အောင်လအန်ဆန်ကို ရှုံးနိမ့်ခဲ့ရသည်ဟု ဂါလာနီ ဆို

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် နိုဝင်ဘာလ ( ၃) ရက်နေ့က ပြုလုပ်သော ONE Championship ပြိုင်ပွဲ ၏ နောက်ဆုံးပွဲစဉ်တွင် လက်ရှိ ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်သူ အလိန်းအန်ဂါလာနီ က ပထမအချီ လေးမိနစ်နှင့် စက္ကန့် သုံးဆယ် အတွင်း၌ ပင် ရှုံးနိမ့် သွားခဲ့ရာတွင် အဆိုပါ ရှုံးနိမ့်မှု သည် သွေးရိုးသားရိုး မဟုတ်ဘဲ ပြိုင်ပွဲ မတိုင်မီ ရက်များအတွင်း၌ ထိတ်လန့်ဖွယ်ရာ အဖြစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် မိမိ ရှုံးနိမ့် ခဲ့ရခြင်းဖြစ်သည်ဟု အလိန်းဂါလာနီ က ပြောသည်။



ပြိုင်ပွဲပြီးချိန်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

”ရန်ကုန်မြို့က ကျွန်တော်တည်းခိုတဲ့ နေရာကို ရောက်ကတည်းက ထူးဆန်းတဲ့ ကြောက်မက်ဖွယ် အသံကြီးတွေ ကိုဆက်တိုက် ကြားခဲ့ရတယ် ။ ဒါနဲ့ ကျွန်တော့ရဲ့ စကားပြန်ကို မေးကြည့်တော့ အဲဒါဟာ လော်စပီကာသံလို့ သိရတယ်။ အဲဒီ အသံကြီးကြောင့် ပြိုင်ပွဲ မတိုင်မီညစဉ် ညတိုင်းအိပ်ရေး ပျက်ပြီး အားအင်တွေ ကုန်ခန်းလာတယ်။ကောင်းကောင်းလည်း မလေ့ကျင့်နိုင်တော့ဘူး ”ဟု ဂါလာနီက ပြောသည်။

ယင်းသို့ အားအင် ကုန်ခမ်းနေစဉ် မြန်မာပြည်ရှိ MLM ကုမ္ပဏီများနှင့် ချိတ်ဆက်မိပြီး အားဖြည့်ဓာတ်စာ များ ဝယ်သောက်ခဲ့သော်လည်း ထူးခြားမှု ရှိမလာဘဲ အနားယူချိန်တွင် မန်ဘာရှာရသော အလုပ်တစ်ခုပါ ထပ် တိုးလာခဲ့ကြောင်း ၎င်း က ဆက်ပြောသည်။ ကျွန်တော့လည်ပင်းကို အောင်လ က ချုပ်ထားတဲ့ ”အချိန်မှာ မြန်မာ ပရိတ်သတ်ထဲက လူတစ်ယောက်က ငါက ဗိုလ်အောင်ဒင် လို့ အော်သံကို ကြားလိုက်ရပြီးတဲ့ နောက်မှာ ကျနော်ဟာ မျက်လုံးတွေပြာပြီး ဘာမှကို ပြန်မလုပ်တတ်တော့ပါဘူး ”ဟု ဂါလာနီက ဝမ်းနည်းသံ အပြည့်ဖြင့် ဆိုသည်။

မိမိသည် တချိန်က မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသို့လည်း မြန်မာယဉ်ကျေးမှု ဓလေ့နှင့် အကျွမ်းတဝင် ရှိပြီး ဖြစ်၍ ရန်ကုန်သို့ မလာမီ ကြိုတင် ပြင်ဆင်မှု များစွာ ပြုလုပ်ခဲ့ကြောင်း အောင်လအန်ဆန် က ရှင်းပြသည်။ ”တကယ်တော့ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်က Lion အားဖြည့်အချိုရည် မဟုတ်ဘူး။ ညအိပ်ချိန်မှာ ကျွန်တော်က နားထဲကို ဂွမ်းဆို့ပြီး အိပ်ခဲ့လို့ အိပ်ရေးမပျက်ဘဲ ခွန်အားအပြည့်နဲ့ ကစားနိုင်ခဲ့တာပါ။ ကျွန်တော့’ကို အနိုင်ရအောင် ကူညီခဲ့တဲ့ ရန်ကုန်မြို့က လော်စပီကာ ဖွင့်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ် ”ဗျာ ဟု အောင်လအန်ဆန်က ဆိုသည်။

Credit – Min Nya